တချို့ သူငယ်ချင်းတွေက ပြောကြတယ်။ အောင်ခန့်က သူ့ညီမကိုတော့ တော်တော် ချစ်တာပဲတဲ့။ ကျွန်တော် ညီမလေးကို ချစ်ရတဲ့ အကြောင်းတွေ ရှိပါတယ်။ ပထမတစ်ချက်က အဖေက
ညီမလေးကို လိုအပ်သလောက် မချစ်ဘူးလို့ ထင်လို့ပါ။ အဖေ ဒါမှမဟုတ် အစ်ကိုတွေရဲ့ ချစ်ခြင်းကို ခံရတဲ့ မိန်းကလေးဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိကြပါတယ်။ ဒါကြောင့် ကျွန်တော်က ချစ်ပေးရတာပါ။
ညီမလေးမှာလည်း သူ့ ပညာရေး၊ ကျောင်း၊ ကျူရှင်၊ အပေါင်းအသင်း၊ အလှအပ စသည်ဖြင့် သူ့ အသက်အရွယ် နဲ့ မျှတတဲ့ ဖိအားတွေ ရှိပါလိမ့်မယ်။ ဒါတွေကို ရင်ဆိုင်ဖို့က မေတ္တာဓာတ်ကို ရရှိဖို့ လိုအပ်ပါတယ်။ ခွေးလေးတွေတောင်မှ သခင်ရဲ့ ဂရုစိုက်မှုကို ရတဲ့ ခွေးနဲ့ အမြဲတမ်း ဟိန်းဟောက်ခံနေ ရတဲ့ခွေးချင်း မတူပါဘူး။ လမ်းလျှောက်တဲ့ ပုံကအစ ကွာပါတယ်။
နောက်တစ်ချက် ကျွန်တော်က အသက်ဆယ့်သုံးနှစ်နဲ့ ဆယ့်ကိုးနှစ်ကြား ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးတွေကို အရမ်းချစ်တတ်ပါတယ်။ ညီမလေးမှ မဟုတ်ပါဘူး။ အဲ့ဒီနေရာမှာ ဘယ်သူ့ကိုမဆို ချစ်မှာပါပဲ။ တချို့ မွေးကင်းစလေးတွေတို့ အသက် သုံးလေးနှစ် အရွယ် ကလေးလေးတွေကို ချစ်တတ်သလိုပေါ့။ အဲ့လိုမျိုးကို ကလေး ချစ်တတ် တယ်လို့ ပြောကြ တယ်လေ။ ကျွန်တော်ကတော့ အဲဒီ့အရွယ် ကလေးလေးတွေကို သိပ်မချစ်တတ်ပဲ ဆယ်ကျော်သက် လူငယ်လေးတွေကို ချစ်တတ်ပါတယ်။
ကျွန်တော် ဆယ်တန်းဖြေပြီးတော့ ရပ်ကွက်ထဲက အကြောင်းအမျိုးမျိုးကြောင့် ကျူရှင်မတတ်နိုင်ကြတဲ့ ဆယ်တန်းကလေးတွေကို စာပြန်သင်ပေးပါတယ်။ သူတို့ဆို အသက်သိပ်မကွာပါဘူး။ တချို့ ရွယ်တူတွေတောင် ပါပါသေးတယ်။ သူတို့ကိုလည်း ကျွန်တော် အရမ်းချစ်ပါတယ်။ ကိုယ့်ရဲ့ ညီလေး၊ ညီမလေးတွေလိုပါပဲ။ အဲ့ဒီ အရွယ်လေးတွေကို မြင်ရတာ အရမ်း အားတက်ဖို့ ကောင်းပါတယ်။ သူတို့ကို ကြည့်လိုက်ရင် အနာဂါတ်ကို မြင်လိုက်ရသလို၊ ခေတ်ကြီးတစ်ခုလုံးကို မြင်လိုက်ရသလိုပါပဲ။
ခုနက အဖေက ညီမလေးကို လုံလုံလောက်လောက် မချစ်ဘူးလို့ ထင်သလို ကျွန်တော်တို့နိုင်ငံမှာလည်း လူငယ်တွေကို လုံလုံလောက်လောက် မချစ်တတ်သေးဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဆီမှာ လူကြီး မိဘ ဆရာသမားကို ဂါရဝ တရားထားဖို့၊ ရိုသေဖို့ကို အမြဲပြောကြပါတယ်။ အဲ့ဒါ ကောင်းပါတယ်။ ဒါပေမယ့် လူငယ်တွေကို ချစ်တတ်ဖို့ မေ့နေကြပါတယ်။ လူငယ်တွေကို လူကြီးလူကောင်းလို ဆက်ဆံတတ်တဲ့ ဓလေ့တွေ မထွန်းကားပါဘူး။ လူငယ်တွေကို နေရာပေးဖို့ သတိမေ့နေကြပါတယ်။
ကျွန်တော်ကတော့ လူကြီးဖြစ်လာတဲ့ တစ်နေ့ကျရင် လူငယ်တွေ လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်တဲ့၊ လူငယ်တွေ တောင်းဆိုတာကို ခွင့်ပြုပေးနိုင်တဲ့ လူကြီးမျိုးပဲ ဖြစ်ချင်ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်လာဖို့ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားရမှာပါ။
ကျွန်တော့်မှာ ညီမလေးအပြင် ဆယ်ကျော်သက်အရွယ် ဝမ်းကွဲ ညီလေး၊ ညီမလေးတွေ ရှိပါသေးတယ်။
ဒါက facebook သုံးတဲ့ ငတိတွေပေါ့။
အဖေ့ဘက်ကတော်စပ်တဲ့ ညီမဝမ်းကွဲ တစ်ယောက်ရှိပါသေးတယ်။ ဖြိုးဖြိုးလို့ ခေါ်ပါတယ်။ ကဲ ကျွန်တော် ဘယ်လောက် ကံကောင်း လိုက်သလဲဗျာ။
No comments:
Post a Comment
Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်